ကြိုဆိုပါ၏

Popular Posts

Monday, May 20, 2013

Travel လမ်းလေး





ကောင်းကင်ကြီး ငိုကြွေးပြီးနောက် ကြွင်းကျန်နေတဲ့မျက်ရည်တွေက သစ်ပင်သစ်ခက်များမှာ တွဲလောင်းခိုလို့ ကောင်း နေတုန်း၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် စိမ်းစိုပြီးအင်မတန် ကြည့်လို့ကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ နေမင်းကြီးက နောက်ကျမှ နိုးထပြီး breakfast စားပြီးတဲ့အချိန်နဲ့ သရုပ်ဖော်ထားတယ်။ ပြေးလွှားနေတဲ့သူ၊ ပုံမှန်(သို့) ပုံမှန်ထက်မြန်နေတဲ့ ခြေလှမ်းတွေနဲ့ ဦးတည်ပြီး သွားနေတဲ့သူတွေက ထိုပန်းချီကားကို ပိုမိုအသက်ဝင်လာအောင် ပုံဖော် ပေးနေသလိုပါပဲ။

                  “ မောလာပြီ၊ခဏနားမှနဲ့တူတယ် ”

                   “ အား..မဖြစ်သေးပါဘူး၊ တော်ကြာ နေအရမ်းပူလာရင်ပိုဆိုးလိမ့်မယ် ”

ပြောရင်းနဲ့ ကိုယ့်ကိုယ် ကို  အားတင်းရင်း နားချင်နေတဲ့စိတ်ကို ချေဖျက်သုတ်သင်နေရတယ်။

                   “ ဟေ့ကောင် တစ်(ဖ)ဖီ ဘယ်နှခေါက်လဲ ”

                    “ လေးခေါက် ဆင်းပြီ၊သူငယ်ချင်း ”

ကျွန်တော်ဝတ်ထားတဲ့ TIFFY ဆေးကြော်ငြာတီရှပ်ကို အစွဲပြုပြီး သူငယ်ချင်းတစ်ယောက်ကမေးလိုက်ခြင်းပါ။ STOP AIDS ဆိုတဲ့ တီရှပ်ဝတ်ထားရင်

 “ ဟေ့ကောင် AIDS ဆိုပြီး ခေါ်ဦးမလားပဲ ”


“ ပြေးထား ၊ ပြေးထား ”(ငါး) ခေါက်အတက်ကစပြီး “ ငါလမ်းပဲလျှောက်တော့မယ် ”

 အားတင်းကာ ကျွန်တော်ရဲ့စိတ်ကို ပြန်လည် စည်းရုံးလိုက်ရပြန်တယ်။စည်းရုံးပေမယ့် သိပ်မအောင်မြင်ပါဘူး။

                    

                                          “ (၅) ခေါက်အတက် ”


“ မသူဇာ သူတို့အခု ပြေးနေကြတာ ဘာအတွက်လဲ၊လမ်းလျှောက်နေကြတဲ့ သူတွေကောနော် ”

 “ သြော်…… သိပြီ၊ မီနီမာရသွန်ပြေးနေကြတာနဲ့တူတယ်၊ ကျောတို့၊ ရင်တို့မှာ နံပါတ်တွေရေးထားတယ်၊ ဟုတ်တယ် မှတ်လား၊ ကျွန်မတို့အရွယ်တွေလောက်ပဲ First Year တွေနဲ့တူတယ် ” 

သူပဲမေးပြီး သူပဲပြန်ဖြေတဲ့ကောင်မလေးကို မသူဇာဆိုတဲ့ အမကြီးက …….

“ မဟုတ်ပါဘူးဟယ်၊ နင်ပြောချင်တာတွေစွတ်ပြောနေတာ၊ တလွဲတွေ၊မီနီမာရသွန်ပြေးနေတာမဟုတ်ဘူး၊ Geology က မိုင် (၂၀) လမ်းလျှောက်စစ်ဆေးနေတာဟဲ့၊ သူ့သတ်မှတ်ချိန်အတွင်းမှာ မိုင် (၂၀) ပြည့်မှ ဒီမေဂျာကိုဝင်ခွင့်ရမှာ၊ First Year တွေပဲ၊ သူတို့ဒီမေဂျာမှာရ မရ ဆိုတာ မသေချာဘူး၊ လမ်းလျှောက်စစ်ဆေးပြီးအောင်မှရမှာ ”

         “ မအောင်ဘူးဆိုရင်ကော ”

       “  ဒီပြင်မေဂျာကို ပြောင်းရမှာ ”

“  တစ်မျိုးကြီးပဲနော်၊  ကျောနဲ့ရင်ဘတ် က    နံပါတ်တွေ က ရော ” 

 “ အဲဒါ လမ်းလျှောက်စစ်ဆေးနံပါတ်တွေလေ၊ ပွိင့်တွေက ဘယ်နှခေါက်ရှိပြီ ဆိုတာ မှတ်လို့ရအောင်ပေါ့ ”  “ အစ်မကသိလှ ချည်လား  အဟိ ”

“ ဟဲ့  သိမှာပေါ့၊ ငါ့သူငယ်ချင်း သီတာက Geol မှာကိုး ”


ကျွန်တော်ပုံမှန်ဖြေးဖြေးသွားနေရင်းကျွန်တော်နဲ့အပြိုင်သွားနေတဲ့ ကျောင်းသူအစ်မကြီးတစ်ယောက်နှင့် ကရားရေလွှတ်တတွတ်တွတ်ပြောနိုင်တဲ့FirstYearက ကောင်မလေးတစ်ယောက်တို့အပြန်အလှန်ပြောနေတဲ့ စကားသံတွေပါ။

သူတို့ပြောသလိုပါပဲလမ်းလျှောက်စစ်ဆေးခြင်းအောင်ဦးမှ၊ အောင်ပြီးရင်လည်း ကျောင်းဆေးရုံကိုသွား Pressure တိုင်း Normal ဆိုမှGeology မေဂျာကမင်းတို့ကိုလက်ခံလိုက်ပြီဆိုသလိုပဲကျွန်တော်တို့ကလည်း ငါက Geology ကဆိုပြီး ရဲရဲ ပြောနိုင်မှာပါ။

ပတ္တမြားအ၀ိုင်းကိုကျော်တော့မလှမ်းမကမ်းမှာကြာစိန်ရယ်၊ငပြည့်ရယ် ကော့ပဲ့ကော့ပဲ့နဲ့ လျှောက်နေတာကို တွေ့ရတယ်။ (၅) သုတ်ခွဲလွှတ်တော့ ဒီနှစ်ကောင်ကရှေ့ဆုံးအသုတ်၊ ကျွန်တော်က နောက်ဆုံး၊ အခုဘယ်လိုဖြစ်ပြီး ဒီကောင်တွေ နောက်ကျနေ တာလဲ မသိဘူး။ကျွန်တော်လည်း သူတို့ဆီရောက်အောင် ခပ်မြန်မြန်ပြေးသွားလိုက်တယ်။

               “ ဟေ့ကောင် … ငပြည့် မင်းတို့ဘယ်နှစ်ခေါက်လဲ ”

                  “ (၅) ခေါက်တက် မင်းကော ”

                “ ၅ ခေါက်တက်ပဲ၊ ဒါနဲ့မင်းတို့ နှစ်ကောင်ရှေ့ဆုံးသုတ်ကနော် ”

           “ ဟုတ်တယ်ဟေ့ ငါတို့နှစ်ယောက်စလုံး ကြွက်တက်နေလို့ ၀င်နှိပ်နေသေးတယ်။ အခု တောင်ရှေ့ Point ရောက်ရင်ဝင်နှိပ် အုံးမလို့။ ”

      “ ဟေ့ကောင် ကြာစိန် မင်းမျက်နှာ ရှုံမဲ့ပြီး ဘာဖြစ်နေတာလဲ။ ”

      “ ဒီလိုကွ ဇင်လတ်ရ မင်းစဥ်းစားကြည့်၊ ဒီနေ့က မိုးတွင်း ဆိုပြီး မိုးမရွာပဲနွေအတိုင်းပဲ ပူတယ်၊           ဒီကြားထဲကြွက်က တက်လိုက် သေးတယ်။ ပြီးတော့ငါ့ကို ကောင်မလေးတယောက်ကတွဲပြီး အတူတူသွားရရင်လည်းတမျိုး ဒါပေမယ့်ကောင်မလေးက မရှိဘူး။ အဲဒါကြောင့် အခုကစပြီး ခေါက်ရေပြည့်တဲ့ အထိ ကျောပိုး ပြီး သွားပါလားလို့ ငပြည့်ကိုပြောတာ ဒီကောင်လက်မခံဘူး။ Geol စိတ်ဓါတ် မရှိတဲ့ ကောင်တွေ ”

 “ အော် ဒါကြောင့်လား။ အေးကွ မင်းအတွက်ကောင်မလေးရှိပါတယ်၊ မင်းကသာမသိတာ၊ မင်းကိုသူက သိနေတာကြာပြ၊ီ မင်းက မ “ဟ” လို့ “ဟ” မယ် ဆိုရင် ဟိုက “ပါ” ချင်နေတာ ၀မ်းတောင်နှုတ်ထားတယ်တဲ့၊ ငါတို့လမ်းထဲက ချိုင်းထေါက်နဲ့ ကောင်မလေးက  ဟီ …ဟိ ” 

“ ခွေးကောင် မင်းသွားဟပါလား၊ ငါက အကောင်းမှတ်လို့ မင်းလည်းငပြည့် အတိုင်းပဲ ”

ဟုတ်မလိုလိုနဲ့ အဖျားရှုးလို့ ကြာစိန်ရှုးရှဲ ဖြစ်နေပါပြီ။

“ ဟေ့ကောင်  ငပြည့် မင်းတို့အကြောဖြေအုံးမှာလား။ ငါတော့ (၅)ခေါက်ဆင်းတော့မှပဲဖြေတော့မယ်၊ ငါနဲနဲပြေးလိုက်အုံးမယ် သူငယ်ချင်း ”

“ အေးသွားနှင့်သွားနှင့် ငါကြာစိန်နဲ့ ဖဲဒိုင်ကိုင်ဖို့အကြောင်း ပြောလိုက်အုံးမယ်။ သူဌေးဖြစ်ရင် မင်းညီမကို လာတောင်းမလို့

    "ဟဲ  ဟဲ "

 “ အေးပါ အေးပါ ငါ့ညီမကိုလာမတောင်းရပဲ မင်းတို့နှစ်ကောင်ကို မော်ကွန်းထိန်းမိလို့ခေါ်တွေ့ မှ  အရသာရှိရှိနဲ့ ကြည့်လိုက် ဦးမယ်၊ သွားပြီဟေ့ ”

“ ဟေ့ကောင် ဇင်လတ် မင်း “ဟ” ရင် ပါတော့မယ်နော်၊ ဂွေးသီးရောင်းတဲ့ ကောင်မလေးက ဟား ဟား ”

ကြာစိန်ရဲ့ လှမ်းနောက်သံက ကျွန်တော့်နောက်က ကပ်ပါလာပါသေးတယ်။




                                        “(၆) ခေါက်တက်”


                      “ ညီလေး ကိုင်မလား”

 နောင်တော်အစ်ကိုကြီးတစ်ယောက်က ‘နှိပ်မလား’ ဟု မေးခြင်းပါ။

                 “ ဟုတ်ကဲ့ အစ်ကို အကိုင်ခံချင်လို့ ဟဲ ….. ဟဲ ”

“ ဟေ့ကောင် နိုင်နိုင် ဒီညီလေးကိုနှိပ်ပေးလိုက်ဦး၊ ညီလေးက ၀င်လှဲလိုက်၊ နိုင်နိုင် မင်းဟန်းဖုန်းကိုပိတ်ထားလိုက်ဦးနော် ဟဲဟဲ ”

ကလေးကစားစရာ ဟန်းဖုန်းနဲ့ ရှိုးထုတ်နေတဲ့ အကိုကြီးက အရှက်ကွဲသွားတဲ့ ဒီဇိုင်းနဲ့ကျွန်တော်ကို နှိပ်ပေးဖို့ ပြင်ပါတယ်။ဒါနဲ့ ကျွန်တော်မြက်ခင်းပေါ် လှဲချလိုက်တယ်၊အဲဒီအကိုကြီးက ချွေးတွေ၊ ရွှံတွေနှင့် ပေပွညစ်ပတ်နေတဲ့ ကျွန်တော့် ခြေထောက်များကို မရွံမရှာဆေးလူးကာ နှိပ်နယ်ပေးပါတယ်။ကျွန်တော်တို့ခြေထောက်တွေမှာ ကံစမ်းမဲတွေပါနေလို့ လိုက်နှိပ် ပေးနေတာ မဟုတ် ပါဘူး။Family စိတ်ဓါတ်အပြည့်နဲ့ အသစ်ဝင်ရောက်လာမယ့် ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုနေကြခြင်း တစ်ရပ်ပါပဲ။ ကျွန်တော် အကြောနဲနဲပြောသွားတော့…

                  “ ရပြီ အစ်ကို ကျေးဇူးပဲ ”

“ အေး…ညီလေး လျှောက်လျှောက်၊ ဒီမှာ သံပုရာသီး ငုံသွားဦး အမောပြေတာပေါ့ ”

ဒီလိုနဲ့ ကျွန်တော်လျှောက်ပြေးလိုက်နဲ့ ကျောင်းအ၀ိုင်းကြီးနားရောက်လာပါတယ်။

               “ ဟေ့ကောင် ဇင်လတ် ”

           “ ဟာ အောင်ကိုမြင့်၊ မင်း ဘာလာလုပ်တာလဲ၊ ဒီနေ့ စနေနေ့ကြီးကို ”

“ သြော် သူတောင်းစား၊ မင်းတို့ကိုလာအားပေးတာကွ ကျေးဇူးမသိတဲ့ကောင် ”

“ နောက်တာပါ ယောက်ဖရာ၊ မင်းက DAY BOT က ဆိုတော့ ကောင်မလေးတွေကို လာကြည့်တာလားလို့ ဟီး  ဟီး ”

“ ဟိုကောင် ကြာစိန်တို့၊ ငပြည့်တို့ရော ”

“ နောက်မှာ ကျန်ခဲ့တယ်ကွ၊ ကြွက်တက်နေကြလို့ သူတို့က ရှေ့ဆုံးအသုတ်က တော်သေးတယ် ငါကကြွတ်သားမရှိလို့ ”

“ မင်းက ကြွက်သားမရှိတာတင်မဟုတ်ဘူးကွ၊ တစ်ကိုယ်လုံး အရိုးပဲဟာ ပြေးနေရင်းနဲ့ ကြွက်တက်မှာထက် အရိုးကျိုးမှာပဲ ကြောက်ရတယ် ဟား  ဟား ”
" အောင်မာ ငါ့ လိုပိန်ချင်တိုင်းပိန်လို့ ရမယ်ထင်သလား၊မင်းညီမတောင် အဆီကျဆေးသောက်နေတယ်ဆို..ဟား.....ဟား "

        “  ……………… ”

အောင်ကိုမြင့်က ကျွန်တော်ကိုကျိန်ဆဲလိုက်တဲ့ အသံလေးနှင့်အတူ

“ မင်းတို့က ဘယ်နှစ်ခေါက်ပြေးရမှာလဲ ”

“ (ရှစ်)ခေါက်ကွ CONVO ကနေ မုခ်ဝအထိပဲ၊ အသွားအပြန်ဆို (တစ်ဆယ့်ခြောက်)ခေါက်ပေါ့၊ အခုငါက(ခြောက်)ခေါက် ဆင်း ဆိုတော့၊ နောက်ထပ်(နှစ်)ခေါက်ခွဲကျန်တာပေါ့ ”

           “ ထားပါတော့ကွာ၊ ဒါဆိုမင်းအခု ပြိုင်းနေပြီပေါ့ ”

                  “ အေး  နည်းနည်းတော့ ‘ကွ’ ချင်လာပြီ ”

ကျွန်တော်အောင်ကိုမြင့်ကို ပြောရင်းနဲ့ ဆက်လျှောက်လာခဲ့ပါတယ်။

                     “ ညီလေး စက်ဘီးနဲ့လိုက်ခဲ့လေကွာ ”

                  “ အခေါက်ရေပြည့်ပြီးမှပဲ အိမ်လိုက်ပို့ပေးပါ အစ်ကိုကြီးရာ ”

စက်ဘီးနဲ့နောင်တော်ကြီးတစ်ယောက်က နောက်လိုက်လို့ ကျွန်တော်ကပြန်ပြောလိုက်တာပါ။ စက်ဘီး (သို့) ယာဉ်တစ်ခုခု ပေါ်လိုက်ဖို့ တက်တာနဲ့ မေဂျာပြောင်းပဲလို့ ဆရာကမလွှတ်ခင်ကတည်းကပြောထားပြီးသားလေ။

ဒီလိုနဲ့စက္ကန့်ကိုမိနစ်ကစားသောက်၊မိနစ်ကိုနာရီက၀ါးမျိုရင်းနဲ့အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးလာပါတယ်။  နေမင်းကြီးကလည်း ညောင်းညာလို့နဲ့တူပါတယ်။ ကောင်းကင်ရဲ့အလယ်ကိုတဖြည်းဖြည်းအညောင်းဆန့်ရင်း ရောက်လာတဲ့ အချိန် ကျွန်တော် လည်း(၈) ခေါက်အတက်ကို ရောက်လာပါပြီ။

သကြားလုံးကမ်းတဲ့သူ၊ ဓာတ်ဆားရည်တိုက်တဲ့သူ၊ သံပုရာသီးနဲ့ ဆားနဲ့ရောထားပြီး၊  ‘မောရင်စားသွား၊ အဆာပြေတယ်’  ဆိုပြီး ကမ်းနေတဲ့သူတွေ၊ Point တစ်ခုရောက်ခါနီးပြီဆိုရင်လည်း Point ထဲကအစ်ကိုကြီးတွေက ထွက်လာပြီး၊ ကျွန်တော်တို့ရဲ့ Point စစ်ဆေးခြင်း၊ စာရွက်ကလေးကိုယူပြီး တံဆိပ်တုံး ရိုက်ပြီးတော့ လာပြန်ပေးနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ကျောင်းထဲဝင်လာသမျှ သော ကားတွေကို ဖြေးဖြေးနဲ့ဘေးချမောင်းခိုင်းနေတဲ့ ယာဉ်ထိန်းဝန်ထမ်းတွေ၊ လက်ညှိုးထိုး မလွဲ အောင်ရှိနေတဲ့ GeologyDagonUniversityလို့ ရေးထားတဲ့ နှစ်အလိုက် မေဂျာအင်္ကျီတွေဝတ်ထားတဲ့နောင်တော်ကြီးတွေ၊   လမ်းလျှောက်စစ်ဆေး နံပါတ်ကိုယ်စီနဲ့ လမ်းလျှောက်ပြေးနေတဲ့ ကျွန်တော်တို့ First Year တွေနဲ့ ဒဂုံတက္ကသိုလ်ရဲ့ တော်ဝင်လမ်းမကြီးတစ်လျှောက်မှာ ရှုတ်ထွေးများပြားစီကားလျက် ရှိပါတယ်။

        “သား…မင်းဘယ်နှခေါက်လဲ”….

        “(ရှစ်) ခေါက်တက် တီချယ်”

“လျှောက်ထား….လျှောက်ထား…..အခေါက်ရေပြည့်ဖို့မလိုတော့ဘူးနော်၊ခါးကုန်းပြီးမလျှောက်နဲ့လေ မတ်မတ်လျှောက်စမ်းပါ၊Geology ဆို”

“လျှောက်…လျှောက် မောင်လေးရေ၊မင်းအခေါက်ရေပြည့်ပြီး မောနေတဲ့အချိန်၊ အစ်မတို့က ငရုတ်သီး ဖာလူဒါ လာတိုက်မယ်၊ အမောပြေအောင်လို့ ဟားဟား”

မော်ကွန်းထိန်း ဆရာမကြီးဒေါ်သန်းသန်းလဲ့က ကျွန်တော်ကိုမေးနေတုန်း ကျောင်းသားရေးရာက အစ်မကြီးတွေအဖွဲ့က အားပေးနေကြတာပါ။

ကျွန်တော်ဆက်လျှောက်လာရင်းတစ်ဖက်အဆင်းလမ်းမှာငယ်ငယ်ကိုယိုင်တိယိုင်တိုင်နဲ့တွေ့လိုက်ရပါတယ်။ဒါနဲ့……..

“ဟေး ငယ်ငယ် နင်ဘယ်နှခေါက်ရှိပြီလဲ”

လို့ကျွန်တော်မေးလိုက်တော့ သူကလက်(၆)ချောင်းထောင်ပြပါတယ်။ သူ(၆) ခေါက်ဆင်းပေါ့။

           “နင်…လျှောက်လို့ရသေးရဲ့လား”

သူကခေါင်းညိတ်ပြပြီး ကျွန်တော့်ကို ဆက်လျှောက်လို့ လက်အမူအရာနဲ့ပြတယ်။သူ့ကြည့်ရတာ တော်တော်ပြိုင်းနေပုံရတယ်။

“ငါ အခု(၈)ခေါက်တက်ကဆင်းလို့ ပြည့်ပြီးရင် ငါ့နင့်ကို ကူပြီးလျှောက်ပေးမယ် သိလား၊ အားမလျှော့နဲ့နော် သူငယ်ချင်း၊ ငါသွားပြီ”

သူ့ကိုပြောရင်း ကျွန်တော်ခပ်သွက်သွက် ဆက်လျှောက်ခဲ့ပါတယ်။ပြေးလို့တော့ မရတော့ဘူး။နဲနဲ “ကွ” ချင်လာပြီ။ ဒါတောင် ကျွန်တော်မနက်တိုင်း အပြေးလေ့ကျင့်ထားလို့တော်သေးတာ။နို့မို့ဆို ဒီအတိုင်းဝင်ပြေးရင် ကျွန်တော် အရိုးခြေက်နဲ့ အိပဲ့အိပဲ့ ဖြစ်နေလောက်ပြီ။

                                                     

                                                 “(၈) ခေါက်ဆင်း”


                         “ဟေ့ မောင်လေး၊ ပြေးမနေနဲ့၊ ကားပေါ်တွယ်လိုက်ခဲ့”

                “ပြေးထား ကောင်လေးရေ၊ ပထမဆု ၂၁ လက္မဆိုနီ တီဗွီဘူးခွံအစုတ် ပေးမှာတဲ့နော်”

                “ရော့ရော့ ရေဘူး၊ မောနေမှာစိုးလို့နော်၊ ဒါပေမဲ့ ရေဗူးထဲရေတော့ မပါဘူး ယူမလား”

         ကျောင်းထဲကိုဝင်လာတဲ့ကားတစ်စီးပေါ်မှအစ်မကြီးတွေ၊ ကောင်မလေးတွေ နောက်သွားကြခြင်းပါ။

                         “နံပါတ် (၂၃)၊ (၈) ခေါက်ပြည့်”

          Point စောင့်ဆရာတစ်ဦးက အော်ပြောလိုက်ပါတယ်။ ပြီးတော့ ဆရာကတဆက်တည်း

“သား မင်းကျောင်းဆေးရုံကို သွားရဦးမယ်နော်၊အခုထွက်တော့မယ့် ကားနဲ့လိုက်သွား”

          ကားတစ်စီးကိုညွှန်ပြရင်းနဲ့ ပြောလိုက်

                             “ဟုတ်ကဲ့ ဆရာ”

          ကျွန်တော် ကားရှိရာဆီ ခြေလှမ်းနေရင်းက ငယ်ငယ်ကိုကူပေးဖို့ သတိရပြီး၊ မုခ်ဦးဘက်ကို ခြေလှမ်းလိုက်ပါတယ်။ ငယ်ငယ်တစ်ယောက် ဘယ်ရောက်နေလည်း မသိ၊ ပျောက်ချက်သား ကောင်းနေပါတယ်။ ကျွန်တော်ဆက်လျှောက်လာရင်း အ၀ိုင်းကျော်မှ သစ်ပင်ရိပ်အောက်မှာ နားနေတဲ့ ငယ်ငယ်ကို တွေ့လိုက်ရတယ်။

          ကျွန်တော် သူ့အနားကို ရောက်တော့ ကျွန်တော့်ဘက်ကိုလှည့်ကြည့်ရင်းနဲ့

                      “ဇင်လတ် နင်အခေါက်ရေ ပြည့်ပြီလား”

          မောပန်းနွမ်းနယ်သံ ညောင်စိညောင်စိနဲ့ မေးလာပါတယ်။

“ငါပြည့်ပြီ ငယ်ငယ်၊ နင်ကော ဘယ်နှခေါက်လဲ၊ ဆက်လျှောက်မယ်လေဟာ ထ ထ”

          ကျွန်တော်သူ့ကို ပြန်ပြောလိုက်တဲ့ အသံကလဲ ဒေါင်ဒေါင်မြည်မနေပါဘူး။

“ငါ (၇)ခေါက် အတက်၊ ဆက်မလျှောက်ချင်တော့ဘူးဟာ၊ ဗိုက်လဲ အရမ်းအောင့်နေပြီ၊ မနက်ကတည်းက ဘာမှလည်းမစားရသေးဘူး၊ ပြီးတော့ ခြေထောက်တွေလဲ မသယ်ချင်တော့ဘူုး၊ မောလဲမောတယ်ဟာ။”

“နင်ဘာမှ မစားလာဘူးဆိုရင် မုခ်ဝရောက်တော့ ဆရာဦးစိုးသိန်းဆီက မုန့်တောင်းစားမယ်လေဟာ။ Point စောင့်တဲ့သူတွေဆီမှာလဲ သူတို့ကိုကျွေးတဲ့ ကြာဇံကြော်လည်းရှိတယ်။ ဖြည်းဖြည်းလျှောက်တာပေါ့ဟာ . . .၊ လာပါ..ထ..ထ..”

“ငါဆက်မလျှောက်တော့ဘူးဟာ၊ ငါအရင်မေဂျာကိုပဲ ပြန်တော့မယ်။ ဒီမေဂျာကို ငါလိုချင်ပေမယ့်  ဒီမှာ အရမ်းပင်ပန်းတယ်။ ငါမလှုပ်ချင်တော့ဘူး။”

“ငယ်ငယ် နင်ပြန်စဉ်းစားဦးနော်၊ နင်ရော ငါပါ ဒီမေဂျာကိုပြောင်းဖို့ လူများလို့မရဖို့များတယ်ဆိုလို့ အနောက်ပိုင်းတက္ကသိုလ်ရော၊ နယ်ကတက္ကသိုလ်တွေရော၊ လူကိုယ်တိုင်ရော ဖုန်းနဲ့ပါ လိုက်စုံစမ်းကြတာလည်း နင်အသိပဲ။ ဒီမေဂျာကို လိုချင်တယ်လို့ နင်ခဏ ခဏပြောတဲ့စကားတွေကကော နင့် Memory ထဲကဖျက်လိုက်ပြီလား။ နောက်ဆရာကမေဂျာပြောင်းအားလုံးကို လက်ခံလိုက် တော့ ငါတို့ပျော်ခဲ့ရတာတွေ နင်မမေ့လောက်သေးပါဘူး။”

          ငယ်ငယ် ခေါင်းမတ်လာပြီး

“အေးဟာ လျှောက်မယ်”

          လို့တော့ မပြောပါဘူး။

“ငါ…မလျှောက်နိုင်တော့ဘူး၊ ဇင်လတ်၊ အချိန်လည်းပြည့်တော့မယ်။ ငါအရင်မေဂျာကိုပဲ ပြန်ပြောင်းတာကောင်းပါတယ်။”

“နင်…မလျှောက်ချင်တာနဲ့ အချိန်ကို မျက်စောင်းမထိုးနဲ့ ငယ်ငယ်…နင်ဟိုမှာကြည့် ငါတို့ကိုအားပေးနေတာ၊ တို့မေဂျာကရော သည့်ပြင်မေဂျာတွေကရော၊ ငါတို့နှစ် သည့်ပြင်မေဂျာတွေကတော့ ၊ တို့ပြေးနေတဲ့ အချိန်မှာ Fresher Welcome လုပ်ပြီးလို့ ကျောင်းသားတစ်ယောက်ရဲ့ ရရှိတဲ့အပျော်တွေကို ခံစားနေကြပြီ။ ငါတို့ကတော့ ဆေးစစ်၊ colour blind ဖြေ၊ ကောင်းကင်မြေပုံ ကြည့်တတ်မကြည့်တတ်စစ်၊ မိုင် (၂၀)လမ်းလျှောက်ရတယ်ဆိုပြီး စိတ်မညစ်ပါနဲ့ဟာ၊ နင်အခု တစ်ခေါက်ခွဲပဲ ကျန်တော့တယ်။ ဒါပြီးရင် အေးအေးဆေးဆေးနေရပါပြီဟာ။ သူငယ်ချင်းတွေနဲ့တွေ့ရင် ငါက Geology ကဆိုပြီး မေဂျာအတိအကျပြောနိုင်ပြီ”

“ငါ့ကို ငါ့အသိ နောင်တော်ကြီးတစ်ယောက်ကပြောဖူးတယ်၊ အခုလမ်းလျှောက်စစ်တာက ငါတို့ Field ဆင်းတဲ့အခါရောက်ရင် ဒဏ်ခံနိုင်အောင်လို့ Field ဆင်းရင် တောင်တွေတက်၊ တောတွေတိုး၊ ဒီကြားထဲ ကျော်ပိုးအိတ်တွေထဲမှာ sample rock တွေ ထည့်ထားရသေးတယ်။ ဒီလိုညီညာတဲ့လမ်းလည်း မဟုတ်ဘူး။ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ဟိုပြောဒီပြောနဲ့ မောလို့မောရမှန်း တောင်မသိဘူးတဲ့။ ဒီမှာငယ်ငယ် …… ဟိုအ၀ိုင်းရဲ့ကလပ်ပေါ်မှာတင်ထားတဲ့ ပတ္တမြားတုံးဟာ ဒဂုံတက္ကသိုလ်ကို ကိုယ်စားပြု ထားတာ။အဲ့လို ပတ္တမြားတို့၊ နီလာတို့ အစရှိတဲ့ကျောက်မျက်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ပညာတွေ မတတ်ချင်တော့ ဘူးလား။ လူသားအစ မြန်မာကလို့ ဂုဏ်ယူဝင့်ကြွားနိုင်စေတဲ့ ပရိုင်းမိတ်အကြောင်းတွေ ငါတို့ကြားဖူးပေမယ့် မသိရှိသေးတဲ့ ရွှေဆာလဖိုဒ်သတ္တုဆိုတာ တွေနဲ့ ဒီပြင်အဖိုးတန်သိုက်တွေကို ညွှန်ပြတဲ့ပညာတွေကို တတ်မြောက်ဖို့ ဒီတစ်ခေါက်ခွဲစာကျန်တဲ့ လမ်းလေးလျှောက်တာနဲ့ နင်လဲလိုက်တော့မှာလား ငယ်ငယ်...”

          ငယ်ငယ် ဘာမှတော့ မပြောတော့ပါဘူး။ အဲ့ဒီ အချိန်မှာ.................


“ Traverse …. လမ်းလေး လျှောက်နေရင်းလေ .… နင်လေစိတ်ဓါတ်မကျပါနဲ့ .… ဒါဟာ တကယ်တော့ ဒုက္ခမဟုတ်ပါ .… ဘ၀မှာအစိတ်အပိုင်းလေ …. ငိုနေရင်းနဲ့လျှောက်နေခဲ့တယ် …. ငါလေအားတင်းထားပါတယ် …. Geology ရဲ့စိတ်ဓါတ်လေးသာ ဘ၀မှာအင်အားလေ …. လျှောက်စမ်းကလေးရာ ငိုမဲ့မနေပါနဲ့ကွာ …. တကယ်တမ်းဘ၀မှာ အခက်အခဲများတွေ့နိုင်တာ …. ဒီအတိုင်းလမ်းမှာ ရပ်ငေးမနေပါနဲ့လား …. တစ်ယောက်တည်းသွားမှ …. နင်ဘ၀ဆိုတာလဲ သိမှာပါ ”


          နောင်တော်ကြီးနှစ်ယောက် ကျွန်တော်တို့နားက ဖြတ်သွားရင်းဆိုတဲ့ သီချင်းသံသဲ့သဲ့က ပျံ့လွင့်လာပါတယ်။

“ ငယ်ငယ် အဲ့ဒီသီချင်းသံကို နင်ကြားတယ်နော်။ သီချင်းလေးက အရမ်းအဓိပ္ပါယ်ရှိတယ်။ နင်လမ်းမလျှောက်ချင်တော့တဲ့ စိတ်ကို ဖျောက်ဖျက်လိုက်စမ်းပါဟာ။ ဒီအစိတ်အပိုင်းတစ်ခုကို ဖြတ်ကျော်နိုင်ဖို့သတ္တိတွေ နင့်မှာမရှိတော့ဘူးလား၊ ဒီသီချင်း လေးက Geology အတွက်တင်မဟုတ်ပါဘူး။ ဘ၀ခရီးကိုသွားနေတဲ့ လူတိုင်းအတွက် အားဆေးတစ်ခွက်လိုပဲ၊ တောင်ပေါ် ကနေပြီး တောင်အောက်ပတ်ဝန်းကျင်ကို ကြည့်ချင်ရင် တောင်ခြေကနေ တောင်ပေါ်ရာက်အောင် ကြိုးစားတက်ရမှာပေါ့။ တွေ ဝေ ငေး မော နေမယ်ဆိုရင်ရည်မှန်းထားတဲ့ပန်းတိုင်ဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။နင်အရင်က ဘာကိုဦးတည်ထားလဲ၊ နင့်မှာဦးတည်ချက်ရှိပြီးသားဆိုရင် ဦးတည်ချက်ရောက်အောင်ကြိုးစားလိုက်စမ်းပါ။”

“ဟိုမှာကြည့်ဦး … ငယ်ငယ် ၊ပါမောက္ခ ဒေါက်တာအေးကိုအောင် ဆို CONVO အရိပ်ထဲကနေပြီး ကြည့်နေတာမဟုတ်ဘူး။ ငါတို့တွေကို ဒီမေဂျာရဲ့ အရိပ်ထဲကို ရောက်ပါ့မလားဆိုပြီး စိုးရိမ်သောကရောက်နေတဲ့အကြည့်တွေနဲ့နေပူထဲမှာ Round လှည့်နေတာ၊ ငါတို့တစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့အသင့်စောင့်နေတာ၊ လာပါ …. ထ၊ ငါတို့ဆက်လျှောက်လိုက်ရအောင် နော်။ တစ်ခေါက်ခွဲက ပါမွှားလေးပါဟာ။”

          ကျွန်တော်သူ့ကို ပြောကာမတ်တပ်ရပ်လိုက်တယ်။ ကျွန်တော်ပြောတဲ့စကားတွေကို နားညီးလို့ပဲလား၊ နားဝင်ပြီးတော့ တက်ကြွ လာသလားတော့ မသိပါဘူး။ ဒီလမ်းကို မပြီးပြီးအောင်လျှောက်မယ်ဆိုတဲ့ စိတ်ဓါတ်အပြည့်ပါတဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ အတူ ကျွန်တော့ကိုအားယူပြီးထဖို့ လက်တွေကမ်းလှမ်းလာပါတယ်။ ကျွန်တော်တို့ကို မဟန်မှန်းသိလို့နဲ့တူတယ်။ ကူပြီးလျှောက် လှမ်းမဲ့ နောင်တော်ကြီးတွေ ကျွန်တော်တို့ဆီကို လှမ်းလာနေတာ မြင်လိုက်ပါတယ်။ ကျွန်တော်လည်း အတော်မောနေပြီ ခြေထောက်တွေကို မသယ်ချင်တော့ပါဘူး။

          ကျွန်တော်ငယ်ငယ့်ကို ပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားရင်းနဲ့တွေ့ရှိချက်ကတော့ ဘ၀ဆိုတဲ့အရာက အောင်မြင်မှုကို ဦးတည်ပြီးမနားတမ်း ခရီးသွားနေရဦးမှာပါ။ အဲ့ဒီခရီးမှာစိတ်ဓါတ်ကျစရာတွေ မပြေပြစ်မှုတွေဟာ တွေ့ကြုံလာနိုင်တယ်။ ဒီမပြေပြစ်မှုတွေကို စိတ်ဓါတ်ခိုင်မာမှုနဲ့ ကြိုးစားမှုကိုပေါင်းပြီး နင်းဖြတ်သွားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ဆိုတာ ကျွန်တော်တို့နဲ့ ၀င်တိုက်မိမှာ အမှန်ပဲဆိုတာ “Travel လမ်းလေး” ရဲ့ သက်သေပြမှုဟာ ထင်ရှားနေပါတော့တယ်။



          (ဆရာ/မ များနဲ့ လမ်းလျှောက်ပွဲကို ကူညီခဲ့ကြတဲ့ နောင်တော်များ၊ နောင်ကူညီကြဦးမယ့် ညီငယ်၊ ညီမငယ်များကို ၀တ္တုဖြင့် ကျေးဇူးတင်ဂါရဝပြုလျက် …………… )

                                                                                                ဇေယျာချစ် (၂၀၀၁)

                                 (၂၀၀၄-၂၀၀၅)ခုနှစ် ဒဂုံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှ



 

No comments:

Post a Comment