ကြိုဆိုပါ၏

Popular Posts

Saturday, March 30, 2013

ဆောင်းတွေးပုံရိပ်

]] အင်း စောပါသေးတယ် ၊ ကော်ရစ်တာမှာထိုင်ရင်းနဲ့ သက်ကိုစောင့်လိုက်ဦးမယ် }}
ကျွန်တော်ရဲ့ လက်ကနာရီကိုကြည့်လိုက်တော့ လက်တွေ့ချိန်ရောက်ဖို့ တော်တော်လိုနေသေးတာတွေ့လို့ ကျွန်တော့် ချစ်သူလေးသက်ကို စောင့်နေဖို့ ကော်ရစ်တာမှာထိုင်ပြီး ချိန်ဖြုန်းရန် စိတ်ကူးမိလိုက်သည်။
]] ဟေ့ကောင် မြင့်လွင်၊ ကင်တင်းလိုက်ဦးမလား }} ]] မလိုက်တော့ဘူးဗေဒင်ရေ ငါသက်ကိုစောင့်လိုက်ဦးမယ် }}
]] အေးအေး၊ ဒါဆိုသွားမယ်ကွာ၊ အားကျတယ်ဟေ့ကောင်ရေ၊ အားကျတယ် }}
ကျွန်တော်ဗေဒင်ကိုလှမ်းပြောရင်းနဲ့ ကော်ရစ်တာလက်တန်းဘောင်ပေါ် တက်ထိုင်လိုက်၏။ 
ပြီးတော့ဘေးဘီကို ကျွန်တော်ကြည့်နေမိပါတယ်။ ဆောင်းတွင်းမနက်ခင်းတို့ရဲ့ ထုံးစံအတိုင်း နေခြည်နုနုနှင့် လေညင်းအေးအေးတို့က လူကိုကလူ သလို မြူသလို ကျီစယ်နေလေရဲ့၊ မြူနှင်းဖွေးဖွေးတို့က လူကိုရစ်ပတ်သိုင်းခြုံထားပါသေးတယ်။ ဖယ်ရီပေါ်ကဆင်းလာပြီး ကျောင်းဆောင်တွေဆီသွားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အစုလိုက်အစုလိုက်နဲ့ပါ။ ကျွန်တော်ထိုင်နေတာ IC ဆောင်ဆို တော့ ဟိုဘက် Geol တို့ Maths တို့ ကျောင်းသားရေးရာတို့ သွားမဲ့သူတွေပေါ့။ ကျွန်တော်ရှေ့ ကသွားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့အဆောင်တွေကို ခွဲခြမ်းစိတ်ဖြာနေတုန်း ကျွန်တော်ထိုင်နေတဲ့နေရာရဲ့ မျက်စောင်းထိုးလောက်မှာ ကောင်မလေး တစ်ယောက်လမ်းလျှောက်လာနေပါတယ်။ သူ့ဘေးမှာကောင်လေးတစ်ယောက် ကပ်ပါလာပြီး ကောင်မလေးကို စကားတွေကပ် ပြောနေပါတယ်။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်ရှေ့နား ရောက်လာပါပြီ။ ကောင်လေးပြောနေသော စကားသံ တိုးတိုးလေး ကိုကျွန်တော်ကြားလိုက်မိ၏ }}
]] နင့်ကိုငါ အရမ်းချစ်တယ်ဟာ }} ငြိမ်ပြီးလမ်းလျှောက်နေတဲ့ ကောင်မလေးက ကောင်လေးဘက်ကို လှည့်ပြီးပြောလိုက်တဲ့ စကားသံခပ်စူးစူးကို ကျွန်တော်ကြားလိုက်မိတယ်။
]] နင်ဘယ်လိုဖြစ်နေလဲ ငါ့အဆောင်နားနီးနေပြီ သွားတော့ဟာ }} 
 ]] အေးပါဟာ }} ကောင်လေးကပြန်ပြောပြီး ကောင်မလေး ထွက်သွားရာကို စူးစူးကြီးရပ် ကြည့်နေပါတယ်။ ကောင်မလေးကတော့ တစ်လှမ်းခြင်းထွက်ခွာသွားပါပြီ။ ပဋိပက္ခဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ရင်း တိုက်ဆိုင်မှု၏ သတိရခြင်းအဖြစ် တိုက်ခတ်လာပါတယ်။ ကျွန်တော်အခု M.Sc Final ဆိုတော့လွန်ခဲ့တဲ့ လေးနှစ်ကျော်ကပါပဲ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက် data တွေကတော့ မေ့ပျောက်လို့မရသေးပါဘူး။ အတွေးပုံရိပ်က ၀ိုးတိုးဝါးတားမဟုတ်ဘဲ ရှင်းရှင်းလင်းလင်းကို ၀င်ရောက်လာတာပါ။ Second Year လောက်ကပေါ.့..........။
                                               
                                              ♥ ♥ ♥ ♥ ♥ 
အိပ်ယာက ဖျတ်ကနဲနိုးလာတော့ နာရီကိုလှမ်းကြည့်မိလိုက်တယ်။ Alarm ပေးထားသောအချန်မတိုင်ခင် စိတ်စောပြီး နိုးနေသဖြင့် မင်းထက်ငါပိုပြီး ၀ိရိယကောင်းပါတယ်ဆိုသောအကြည့်ဖြင့်  နာရီကိုလှောင်ပြောင်ကာ Alarm ခလုတ်ကိုပိတ်၊ အိပ်ရာ မှ ထလိုက်လေသည်။ ဒီနေ့မြင့်လွင်နှင့်အတူမသွားဘဲ နာရီစင်မှတ်တိုင်မှာ သူအလာကိုစောင့်ရန်သွားရမည်။ သူဆိုတာ ….  ကျွန်တော် ….Propose လုပ်ထားတဲ့သူပေါ့။ သူက Eco ကျောင်းကပါ။ သူ Ferry စီးဖို့ထွက်လာတဲ့အခါမှာ သူ့ကိုကျွန်တော်က ပီယ၀ါစာ ချစ်ဖွယ်သောစကားကိုဆိုမှာလေ။ သူလာမယ့်အချိန်ကို လ္ဘက်ရည်ဆိုင်မှာ ကျွန်တော်စောင့်နေရင်း ပြောရမယ့်စကားကို စီနေမိပါတယ်။ စက္ကန့်တံလေးက နာရီဒိုင်ခွက်ကို အပတ်ပေါင်းများစွာ ပြေးနေပါတယ်။ မိနစ်တံလေးက စက္ကန့်တံလေးလောက် မမြန်တဲ့ သွားနှုန်းနဲ့သွားနေတာ ကျွန်တော်ဆိုင်ထိုင်ပြီး မိနစ်နှစ်ဆယ်လောက်ကြာတဲ့အချိန်မှာ လမ်းကွေ့ကလေးကနေပြီး သူ ထွက်လာတာကို ကျွန်တော်တွေ့လိုက်ရတယ်။
]] ညီလေး ရှင်းမယ် }} ကျွန်တော် စားပွဲထိုးလေးနဲ့ ငွေရှင်းနေရာ အနည်းငယ်ကြာနေပါတယ်။ ငွေရှင်းမှု ပြေလည်သွားချိန် မှာတော့ သူ လ္ဘက်ရည်ဆိုင်ရဲ့ ခပ်လှမ်းလှမ်းကို ရောက်နေပါပြီ။ ကျွန်တော်သူ့နောက်ကို အမီလိုက်ရအုံးမယ်။ သူရောက်နေတဲ့ နေရာနဲ့ ကားဂိတ်နဲ့က နီးနေပြီ။ သူ့နောက်ကိုအမြန်ပြေးလိုက်တော့ ခြေထောက်နဲ့ လမ်းထိတွေ့သံ ]] တဖုတ်ဖုတ် }} ကပြေးတာကို အထူးပြုပြီး စည်းဝါးလိုက်ပေးနေပါသည်။ ပတ်ဝန်းကျင်အမြင်ကတော့ ပြေးနေတဲ့သူတစ်ယောက်ပေါ့၊ ဘာဖြစ်လို့ပြေးနေတယ် ဆိုတာ သိ၏ မသိ၏ မပြောနိုင်။ သူ့အနားကိုရောက်တော့ မမောပေမယ့် အသက်ရှူသံက ခပ်ပြင်းပြင်းဖြစ်နေတယ်။
]] ပန်းအိမ်လွှာ }}  
ကျွန်တော်ခေါ်လိုက်တော့ သူလှည့်ကြည့်ပြီး ရှေ့ဘက်ကို ဦးတည်ကာ ခေါင်းပြန်လှည့်သွားပါတယ်။
]] ပန်းအိမ်လွှာ ငါဟိုတစ်နေ့က နင့်ကျောင်းကိုရောက်သေးတယ် }} ကျွန်တော်လှလှပပစီရီထားတဲ့ စကားလုံးတွေဘယ်ပျောက်ကုန် မှန်း မသိတော့ပါဘူး။ အဆီအငေါ် မတည့်ပုံကတော့ …
          ]] ငါ့ကို စဉ်းစားပေးပါဟာ၊ ငါနင့်တစ်ယောက်ကိုပဲ ချစ်တာပါ။ ငါ စကားလည်း မပြောတတ်ဘူးဟ }} သူကျွန်တော်ဘက်ကို ခေါင်းလှည့်လာပြီး -
          ]] ဒီမှာ လင်းထွန်းနင်ငါ့ကို မနှောက်ယှက်ရရင် မနေနိုင်ဘူးလား၊ စကားမပြောတတ်ရင်လည်း မပြောနဲ့ }} 
 ]] ငါပြောတာက ရည်းစားစကားကိုပြောတာ၊ ငါပြောတတ်သလိုပြောတာ }} 
 ]] နင့်ဟာနင် ရည်းစားစကားဖြစ်ဖြစ်၊ ရိုးရိုးစကားဖြစ်ဖြစ် မပြောနဲ့၊ နင့်ကို ချစ်ဖို့မပြောနဲ့ စဉ်းတောင်မစဉ်းစားဘူး }}
          ]] ဒါဆို … နင် မစဉ်းစားဘူးပေါ}}
          ]] အေး … မစဉ်းစားဘူးဟာ }}
          ]] အဲ့ဒီလိုကြီးတော့ အပြတ်မပြောပါနဲ့ဟာ၊ တောင်းပန်ပါတယ် }} 
    ]] သွားတော့ဟာ၊ နင်ဘယ်လိုဖြစ်နေလဲ။ ကားဂိတ်မှာ ငါ့ အသိတစ်ယောက်ယောက်နဲ့ တွေ့သွားရင်မကောင်းဘူး }} 
   ]] ဘာဖြစ်လဲဟာ သူငယ်ချင်းပေါ့ }} 
   ]] နင့်ကိုသွားတော့လို့ ပြောနေတယ် နော် }}
      ]] အေးပါဟာ၊ သွားပါ့မယ် }} 
         ဖယ်ရီ စုရပ်နေရာနားနီးတော့ နှင်နေကျအတိုင်း နှင်ပါတော့တယ်။ ဖယ်ရီစောင့်နေတဲ့ သူ့သူ ငယ်ချင်းတွေ၊ ကားမှတ်တိုင်ကလူတွေနဲ့ဆိုတော့ သူရှက်မှာပေါ့။ သူထွက်သွားပေမယ့်သူ့ရဲ့ သဏ္ဍန်လေးကတော့ကပ်ငြိနေပါသေး တယ်။ ကော့ညွှတ်နေတဲ့  ဇင်ယော်တောင်တွေ လှပတယ်ဆိုတာ သူ့မျက်ခုံးကိုမီမှာမဟုတ်ပါဘူး။ မျက်နှာသွယ်သွယ်မှာ ဘာမှ မလိမ်းခြယ်ထားဘဲ လှပနေတာကို မျက်လုံးဝိုင်းဝိုင်းလေးတွေက ခြယ်မှုန်းထားပါသေးတယ်။ အသားဖြူဖြူ အရပ်မနိမ့်မမြင့်နဲ့ ပိုးသားလိုပျော့အိနေတဲ့ဆံပင်က ကျောလည်လောက်ဆိုတော့ ကျွန်တော့်စိတ်ထဲမှာ သူသာအလှဆုံးပါပဲ။
          ကျွန်တော့်လို ခပ်တုံးတုံးအတတကောင်နဲ့ သူ့လိုမိန်းကလေးအဆင်မပြေတာ မဆန်းဘူးလို့ထင်ပါတယ်။ သူ့ဖယ်ရီလာတဲ့ အထိ ကျွန်တော်သူ့ကိုငေးကြည့်ရင်း တွေးတောနေမိပါတယ်။ သူ ဖယ်ရီအပေါ်တက်မှ ကျွန်တော့်အတွေးတွေကိုရပ်ဆိုင်းရင်း ကား ဂိတ်ဘက်ခြေဦးလှည့်လိုက်ပါတယ်။ ကျွန်တော်ကျောင်းတက်ရဦးမယ်လေ။
          အဲဒီတုန်းကပေါ့ …
          ကျွန်တော် အတွေးထဲကိုပြန်လည် နစ်မြောသွားပါတယ်။ ဟုတ်တယ် … အဲဒီတုန်းက ဒီကောင်ပြောခဲ့တာတွေဟာ ကျွန်တော့် စိတ်မှာ ထင်ရှားဆဲ …
                                                         
                                                ♥ ♥
          အဆောင် (၂၆) ဘေးကော်ရစ်တာမှာ လင်းထွန်းတို့အဖွဲ့က ဂစ်တာတစ်လုံးနဲ့ အဆိုတော်ဖြိုးကြီးရဲ့ အထည်ကြီးပျက် သီချင်းကို ဖျက်ပြီးဆိုနေကြတယ်။
          x x x အကောင်းဆုံးကျောက်ကိုသွေးပြီးတော့ Microscope အောက်မှာ ရအောင်ကိုကြည့် x x x  ဒီ Plagio clase ကတော့ Feldsper Group ကပါ x x x ဒါဆရာအမြဲပြောတာ x x x
          ကျွန်တော်သီချင်းကို နားထောင်ရင်းနဲ့ လင်းထွန်းရှေ့ရောက်တော့ -
          ]] လာကွာ … လင်းထွန်း၊ ငါကြွားစရာရှိလို့ … ကင်တင်းသွားရအောင် … ဟိုရောက်မှပြောမယ် }}
       ]] မင်း ဒကာခံမှာနော် }}
]] ရပါတယ်ကွာ … လာစမ်းပါ }}
 ]] သွားမယ်လေ … ဟေ့ကောင်တွေ ငါ ဒီကောင်နဲ့ လိုက်သွားလိုက်ဦးမယ်၊ ပြန်လာမှဆက်ဆိုမယ်၊ ဟု သူ့သူငယ်ချင်းတွေကို လှမ်းပြောရင်း ကင်တင်းဘက်ကို ထွက်လာခဲ့ကြသည်။
          ကင်တင်းမှာ ကျွန်တော်က ဒီကောင့်ကို ကျွန်တော်ပြောချင်တာတွေ စွတ်ပြောလိုက်တယ်။
          ]] ဟေ့ကောင် ငလင်း … မင်းသိတယ်မဟုတ်လား …။ မသိလည်းနားထောင်ကွာ … ဒီလိုကွ }} 
       ]] အစ်ကိုတို့ လန်ဒန်ယူဦး မလား }}
          အရေးထဲ စားပွဲထိုးလေးက ပလိန်းနှစ်ခွက်လာချရင်း လာမေးနေသေးတယ်။ ဟိုကောင် လင်းထွန်းက စပ်ဖြဲဖြဲနဲ့ -
         ]] ညီလေး လန်ဒန်တစ်ပွဲယူခဲ့ … ငါ စီးကရက်သောက်ရင်းနားထောင်မယ်လေ … ဖြစ်တယ်မလား }} 
 ]] အေးအေး ရပါတယ် ကွာ ဒီလိုကွ …}} အတင်းရလိုက်ပြီး ကျွန်တော့်စကားရှိန်ကို ပြန်တင်ရပါတယ်။
          ]] ငါဟိုတစ်နေ့က လက်တွေ့ခန်းထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ခင်ခဲ့တယ်ကွသိလား }} 
          ]] ဒါများကွာ }}
          ]] ဒါများမလုပ်နဲ့ငါ့ကောင်ရ၊ အခြေအနေကောင်းတယ်ကွ။ အဲဒါနဲ့ကွာ၊ သူနဲ့ငါတော်တော်ခင်သွားရောကွာ။ ဟိုနေ့ကသူဘာ ပြောတယ်မှတ်လဲ၊ သူ့အိမ်ကိုပြန်တာ သူ တစ်ယောက်တည်းတဲ့။ အဲ့ဒါ သူ တစ်ယောက်တည်းပြန်ရတာ ပျင်းလိုက်တာတဲ့။ ပြီးတော့ ငါ့ကိုပြောတယ်၊ နင်ကဘာကားစီးလဲတဲ့။ ကဲ … ကွာဘယ်လောက်အဆင်ပြေလဲ … ဟဲ … ဟဲ။ မင်းငါ့ကိုမနာလိုမဖြစ်နဲ့ နော် … ဟီး … ဟီး ဟား …
          ဟေ့ကောင် ငလင်း၊ မင်းဘာဖြစ်နေတာလဲ။ သြော် … သူနာမည်က သက်နှင်းပွင့်တဲ့ …။ ဟာ ဟေ့ကောင် ဘာငိုင်နေတာ လဲ။ ငါပြောတာတွေကိုရောကြားရဲ့လား }}
          ကျွန်တော်ပြောနေရင်း လင်းထွန်းကို သတိထားကြည့်မိတော့ ဆေးလိပ်ကိုကိုင်ထားရင်း ငူငူကြီး တစ်နေရာကိုစိုက်ကြည့် နေပါတယ်။ သူကြည့်နေတာ သစ်ပင်တစ်ပင်ကိုပါ။ ကျွန်တော်သူ့ပခုံးကို လှမ်းပုတ်လိုက်မှ ဝေရီနေတဲ့ မျက်လုံးတွေနဲ့ အဝေးကို ကြည့်ရင်း -
          ]] မင်းကိုအားကျလို့ပါကွာ၊ ငါမနက်ကပန်းအိမ်လွှာကို သွားစောင့်ရင်း စကားလိုက်ပြောသေးတယ် }}
          ]] ဟာ ဟုတ်သားပဲ … ပြောပါဦး }}
          လင်းထွန်းက သူဒီနေ့ပန်းအိမ်လွှာနဲ့ စကားအပြန်အလှန် ပြောခဲ့ပုံတွေကို အစအဆုံး ကျွန်တော်ကိုပြန်ပြောခဲ့တယ် …      
      သူ့စကား ဆုံးတော့မှ ကျွန်တော်က -
          ]] လင်းထွန်းရာ … မင်း သူ့ကို ပြောပုံဆိုပုံတွေကမှမဟုတ်တာ၊ ဥပမာကွာ … သူ့အသိ မြင်မှာစိုးလို့မင်းကို သွားခိုင်းတဲ့အခါ-
          ]] ဘာဖြစ်လဲ နားဖောက်ပြီးသားဖြစ်သွားတာပေါ့ }} လို့ ပြောရမှာ၊ အဲဒီကျမှသူကစိတ်ဆိုး၊ မင်းကပြန်ဖြေရှင်း၊ အဲဒီတော့မှ မင်းနဲ့သူ စကားမပြတ်တော့ဘူး၊ အဲဒီလိုဖြစ်ရမှာ။ ဒါပေမယ့် စိတ်ဓါတ်မကျနဲ့ သူငယ်ချင်း၊ ရူပါမလိုဘူး ဗျူဟာကမှအရေးကြီးတာ ကွ၊ ကြိုးစားစမ်းပါ }}
          လင်းထွန်း ငေးနေရာမှ ကျွန်တော့်ဘက်လှည့်ရင်း -
          ]] မြင့်လွင် မင်းပြောတဲ့ ရူပါမလိုသလို၊ ဗျူဟာလည်း မလိုပါဘူးကွာ။ အချစ်စစ်တစ်ခုအတွက် ဒါတွေဟာ အသုံးမတည့်ပါ ဘူးကွာ။ အချစ်ဟာ လုပ်ယူဖန်တီးလို့မရတဲ့ အရာပဲ။ ငါ သူ့ဆီကအချစ်ကို တောင်းခံရင်းနဲ့ သူငါ့ကို ဘယ်တော့ပြန်ချစ်လာမလဲ ဆိုတာ စောင့်မျှော်နေရအုံးမှာပေါ့ကွာ }}
          ]] ထားပါတော့ကွာ၊ မင်းမနက်ဖြန်သွားစောင့်ဦးမှာလား }} 
 ]] နာရီစင်တော့ငါမသွားတော့ပါဘူး၊ လမ်းလေးကတိုတိုလေးကွ၊ ငါ သူ့ကျောင်းပဲသွားလိုက်တော့မယ်။ ငါ့ကိုလာမခေါ်နဲ့တော့မြင့်လွင်၊ မင်းဘာသာကျောင်းသွားလိုက်တော့နော် }}
          ]] အေး အေး }}
      ကျွန်တော် အဲဒီနေ့က ကျွန်တော့်အကြောင်းပြောမိတာ သူ့အလွမ်းကို ဆွမိသလိုပါပဲ။ သူ တော်တော်ကြေကွဲနေခဲ့ပါတယ်။
          ]] ဟေ့ကောင်၊ လင်းထွန်း အဆင်ပြေလား }} 
              ]] ဟေ့ အေး ၊ မပြေပါဘူးကွာ }}
          လင်းထွန်း ငိုက်စိုက် ငိုက်စိုက်နဲ့ ကားပေါ်ကဆင်းလာတာ တွေ့လိုက်တယ်။
          အဲဒီအချိန်မှာ ကျွန်တော်ရယ်၊ ဖြိုးကြီးနဲ့ အောင်အေင်တို့ မှတ်တိုင်နားက လက်ဖက်ရည်ဆိုင်မှာ သုံးယောက်သားထိုင်နေ ကြတာ။ ကျွန်တော်တို့ ဒီကောင့်ကို လှမ်းခေါ်လိုက်တော့ ကျွန်တော်တို့ဝိုင်းဆီလျှောက်လာတုန်း ကျွန်တော်ကလှမ်းမေးလိုက်လို့ သူကဖြေလိုက်ခြင်းပါ။ ကျွန်တော်တို့နှစ်ယောက်ပြောနေကြတာကို ဖြိုးကြီးနဲ့ အောင်အောင်တို့ ဘာမှန်းမသိနားထောင်နေကြပါ တယ်။
          လင်းထွန်းက ခုံမှာဝင်ထိုင်တုန်း ]] ပြောပါဦး … ဘယ်လိုဖြစ် }} ကျွန်တော် မေးတော့ …
          ]] ငါ သူတို့ကျောင်းကိုရောက်တော့ သူလက်ချာဝင်နေတယ်ကွာ၊ ငါလည်း အပြင်မှာရပ်စောင့်နေရတာပေါ့၊ လက်ချာလည်း ပြီးရော သူ့ကိုလှမ်းရှိုးတော့၊ သူက သူ့ သူငယ်ချင်းတွေအများကြီးနဲ့ စကားပြောနေတယ်။ ငါလည်းမထူးဘူးကွာဆိုပြီး သူ့ဆီကိုတန်း သွားတော့ … ဟေ့ကောင်ရေ ငါ့ကို သူ့ သူငယ်ချင်းတွေဘာမှန်းမသိ ၀ိုင်းဟားလိုက်လို့ ငါလည်း ပြန်လစ်လာခဲ့ရတယ်ကွာ …
မလွယ်ပါဘူး  ဟူး … }}
          သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး သူ့ စကားကို အဆုံးသတ်ကာ၊ ရေနွေးတစ်ခွက် ငှဲ့သောက်လိုက်တယ်၊ အခုတော့ အောင်အောင် နှင့် ဖြိုးကြီးတို့ နားလည်သွားကြပုံပေါ်ပါတယ်။ 
 ]] မင်းမှာလည်း တစ်ဒုက္ခဘဲ }} လို့ အောင်အောင်ကသြဘာပေးတယ်။
ဖြိုးကြီးကလည်း - ]] မင်းကလည်းကွာ First Year ကတည်းကလိုက်တာ အဆင်မပြေတဲ့ဟာ နောက်တစ်ယောက်ပြောင်းလိုက်ပါ ကွာ }} ပြောလို့ လင်းထွန်းက တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ဖြင့် အဝေးသို့ငေးကြည့်ရင်း …
          ]] မင်းမသိပါဘူးကွာ၊ ငါ သူ့တစ်ယောက်တည်းကိုပဲ ချစ်တာကွ၊ နောက်တစ်ယောက်ဆိုတာ င့ါအတွက်မရှိဘူးကွ။ နောက် တစ်ယောက် ရရ မရရ သူ့ကိုပဲ ငါအမြဲချစ်နေမှာပါကွာ }} 
 ]] ကဲကဲ အချစ်အဘိဓာန်ကောင်ကြီး၊ ငါတို့ထိုင်နေတာကြာပြီ၊ သွားတော့ မယ် မင်းဆက်ထိုင်နေအုံးမှာလား }} 
 ]] ပြန်တာပေါ့ကွာ၊ ကဲ ရှင်းလိုက်တော့ }}
          ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ကထွက်လာတော့ လင်းထွန်းမှိုင်ထွေထွေ ဖြစ်နေပါတယ်။ ဟုတ်တယ်၊ ဒီကောင် တော် တော်ခံစားနေရတဲ့ပုံပဲ။ ဒီကောင့်အကြောင်း ကျွန်တော်ကောင်းကောင်းသိတာပေါ့။ ကျွန်တော်ရယ်၊ ဒီကောင်ရယ်၊ ဖြိုးကြီးနဲ့ အောင်အောင်တို့က ငယ်ငယ်ကတည်းက တစ်ကျောင်းတည်းသူငယ်ချင်းတွေပဲလေ။ (၁၀) တန်းမှာ လင်းထွန်းနှင့် ပန်းအိမ်လွှာတို့ စသိခဲ့ကြဖူးတယ်။ အဲဒီအတည်းကစပြီး တဖက်သတ်ချစ်နေခဲ့တာ အခုထိပဲကျွန်တော်က ဒီကောင့်အကြောင်း ဘာကြောင့် ပိုသိသ လဲဆိုတော့ ဖြိုးကြီးနဲ့ အောင်အောင်တို့က ကျွန်တော်နှင့် တက္ကသိုလ်ချင်းမတူတော့ဘူး။ ဒီကောင်နှင့်ကျွန်တော်က ဒဂုံမှာ၊ ဖြိုးကြီး ကဆေး(၂)မှာ၊ အောင်အောင်က ဂျီတီစီမှာ၊ အဲလိုကွဲကုန်ကြတာ။ ကျွန်တော်နဲ့ ဒီကောင်ပဲ ကျောင်းဆက်တူတော့ ဒီကောင် အကြောင်း ပိုသိတာပေါ့။
                                                         
                                                ♥ ♥ ♥ ♥ ♥ ♥
          ကျွန်တော့်စာသင်ခန်းဆီကို လင်းထွန်း မြောက်ကြွမြောက်ကြွနဲ့ လာနေတာတွေ့လိုက်ရတယ်။ အူမြူးနေတဲ့ပုံပဲ၊ ထီပေါက် တဲ့ မျက်နှာနဲ့ -
          ]] ဟေ့ကောင် မြင့်လွင်၊ ငါ့ကို မနက်ဖြန်ကျူတိုရီယယ်ဖြေပေးစမ်းပါ }} 
 ]] မင်းကဘာဖြစ်လို့မဖြေတာလဲ }} 
]]ငါ့လက်တွေ့ချိန်ပြီး တာနဲ့ သွားစရာရှိလို့၊ သူနဲ့ချိန်းထားလို့ }} 
 ]] ဟုတ်လှချည်လား ငါ့ကိုသံတော်ဦးတင်စမ်းပါဦး }} 
 ]] ဒီလိုကွ … ငါ မနက်ကသူ့ကို သွား စောင့်တော့ … }} 
 လင်းထွန်းက ပြုံးဖြီးဖြီးကြီးနဲ့ အတိတ်ကို ပြန်သွားနေပါတယ်။

♥ ♥ ♥ ♥ ♥ 
          အရင်တိုင်းပဲ သူထွက်လာမယ့် နေရာလေးကို ကျွန်တော်ကဖေးဆိုင်က စောင့်နေတုန်း သူထွက်လာတော့ ကျွန်တော်သူ့ ဘေးကစကားလိုက်ပြောဖြစ်ပါတယ်။ 
 ]] ပန်းအိမ်လွှာ ခဏစောင့်ပါအုံးဟာ }} 
 ]] ဘာရှုတ်ပြန်ပြီလဲ လင်းထွန်း၊ နင် လမ်းမှာလည်းလမ်း မှာမို့၊ ကျောင်းမှာလည်းကျောင်းမှာမို့၊ လိုက်နှောက်ယှက်နေတာမကျေနပ်သေးဘူးလား }} 
 ]] မဟုတ်ပါဘူးဟာ၊ နင်နဲ့အေးအေးဆေး ဆေး စကားပြောဖို့နေရာကိုမရှိတာ၊ ခဏလေး (၁၀) မိနစ်လောက် င့ါကိုအချိန်ပေးပါ။ နင်ဖြစ်စေချင်တဲ့အတိုင်း နင့်ကိုလိုက်မနှောင့် ယှက်တော့ပါဘူးဟာ }} 
 ]] အေး ဒါဆို မနက်ဖြန်ငါ့ကျောင်းကိုလာခဲ့ }}  
]] ဟာ … မနက်ဖြန် ငါ လက်တွေ့ရှိတယ် }} 
 ]] သေလိုက်တော့ }}
 ]] မနက်ဖြန်ကျောင်းမှာ နင်ဘယ်အချိန်ရှိမှာလဲ }} 
 ]] တစ်နေကုန်ရှိတယ်။ ကဲကဲ နင်သွားတော့ }} 
  ]] အေးပါဟာ }}

♥ ♥ ♥ ♥ ♥
   
          ]] အဲလိုငါ့ကို ပြောလိုက်တယ်မြင့်လွင် }} 
     လင်းထွန်းရဲ့ ပြုံးဖြီးဖြီးကြီးနဲ့ ရှင်းပြတာပြီးတော့၊ ကျွန်တော်က …
          ]] မင်းကိုသူကမနှောင့်ယှက်ဖို့စကားပဲပြောမှာ၊ မင်းက ဘာကိုပျော်နေတာလဲ }} 
 ]] ဒါက ဒီလိုရှိတယ်ကွ၊ င့ါဘက်ကလည်း တင်ပြစရာတွေရှိတယ်လေကွာ }} 
   ]] ကဲဒါဆိုငါဖြေပေးထားလိုက်မယ်၊ ဟုတ်ပြီလား။ မင်းပုံစံက ကောင်မလေးဆီက၊ အဖြေရတော့ မယ့်ပုံနဲ့၊ မင်းတော်တော်ပျော်နေတယ်ပေါ့ ဟုတ်လား }}
          လင်းထွန်းမဖြေတော့ပဲ ပြုံးစိစိနဲ့ ကျွန်တော့်ကိုပြန်ကြည့်နေပါတယ်။

♥ ♥ ♥ ♥ ♥
          လင်းထွန်းကို အထိနာစေတဲ့အဖြစ်အပျက်တစ်ချို့ဟာ နောက်တစ်နေ့မှာ ဆီးကြိုနေခဲ့မှန်းသိရင် သူဒီလောက် ပျော်ဝံ့မှာမ ဟုတ်ပါဘူး။ အဲဒီနေ့က မိုးတစ်ချို့ ခပ်ဖွဲဖွဲရွာသွန်းနေခဲ့တယ်။ ကျောင်းထဲကပြန်ထွက်လာတဲ့အချိန်မှာ ထီးမပါတဲ့သူ့ပေါ်ကို မိုးတွေ ကအငြိုးတွေနဲ့ ရွဲရွဲစိုနေခဲ့တယ်။ အရာရာအားလုံးကို သူသတိမထားမိနိုင်တော့။ ပူနွေးနေတဲ့ခံစားချက်တွေဟာ မျက်နှာပေါ်ကိုဖြတ် စီးသွားတဲ့ မိုးရေစက်တွေနှင့် ရောပါသွားတာသူသတိမထားမိခဲ့။ တစ်လောကလုံးက သူ့ကို ၀ိုင်းဟားနေသလို သူခံစားနေရသည်။ ဟုတ်သည်၊ သူ အရူးလုပ်ခံလိုက်ရသည်။ သူ ကျောင်းကိုမျှော်လင့်တကြီး ရောက်ခဲ့ပေမယ့် သူမ မရောက်လာခဲ့ပါ။ အံ့သြခြင်း၊ ရှက်ရွံ့ခြင်း၊ စိတ်ထိခိုက်ခြင်းများနှင့်အတူ သူအရူးလုပ်ခံလိုက်ရပြီ ဟူသောအသိတို့ကရင်မှာ ပွက်လောရိုက် ပူထူနေစေခဲ့ပါသည်။ အဲဒီနေ့ကညနေမှာ ကျွန်တော် သူနှင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်တော့သူတော်တော် ခံစားနေရပုံပါပဲ။
          ]] မင်း တော်တော်ခံစားနေရပြီပေါ့ }} 
       ]] ဒီလိုပါပဲကွာ }}
          ကျွန်တော့်ရဲ့ အမေးကိုသူ ခပ်ငိုင်ငိုင်လေး ဖြေပေးခဲ့တယ်။ ကျွန်တော်သူ့ကိုထပ်မေးလိုက်တယ်။
 ]] မင်းသူ့ကိုစိတ်နာသွားပြီ လား }} 
 ]] မနာဘူးကွာ။ သူငါ့ကိုပြန်မချစ်ရင်နေပါစေ၊ ငါသူ့ကိုချစ်နေရင်ပြီးတာပါပဲကွာ ငါချစ်ရဖို့သူရှိနေတာကိုပဲ ကျေးဇူးတင်ဖို့ ကောင်းနေပြီ၊ သူ့အချစ်ကို ငါက အတင်းတောင်းခံနေတာ၊ င့ါဘက်ကတောင်လွန်နေသေးတယ် }} 
 ]] မင်းသူ့ကိုဆက်လိုက်အုံးမှာ လား }} 
 ]] ကြိုးစားနေအုံးမှာပါ။ ဒါပေမယ့် စာမေးပွဲပြီးမှပဲ သူ့ဆီကိုသွားတော့မယ်။ ငါစာလုပ်လိုက်အုံးမယ်၊စာမေးပွဲကနီးလာပြီလေ}}
          စာမေးပွဲကိုလည်း ဂရုစိုက်တဲ့လင်းထွန်းကို ကျွန်တော်ဘာပြောရမှန်းမသိတော့ပါ။ စာမေးပွဲကနီးလာတော့ ကျွန်တော်လက် ခံပါတယ်။ 

                                     ♥ ♥ ♥ ♥ ♥
              ဒီနေ့ ကျွန်တော်တို့ စာမေးပွဲပြီးပြီ၊ လင်းထွန်းက ပန်းအိမ်လွှာရဲ့ကျောင်းကိုသွားဖို့ ကျွန်တော့်ကိုပါလိုက်ခဲ့ရန် ခေါ်ထားသေး တယ်၊ ကျွန်တော်လည်း သက်ကို ကားဂိတ်လိုက်ပို့ရင်း စကားတွေပြောနေသဖြင့် အနည်းငယ်ကြာနေပါတယ်၊ သက်ရဲ့ကားက ပျက်နေသဖြင့် လာမကြိုနိုင်ဘူး။ ကျွန်တော်လင်းထွန်းနဲ့ ချိန်းထားတဲ့နေရာကိုရောင်တော့ ကျွန်တော်ကြာနေသဖြင့် ဒီကောင်စူပွ စူပွဖြစ်နေပြီး၊ လှမ်းအော်ပါတော့တယ် }} ]] ဟေ့ကောင်မြင့်လွင် ကြာလိုက်တာကွာ၊ တော်ကြာ ငါ ပန်းအိမ်လွှာကို လွတ်သွား လိမ့်မယ် }} ]] မင်းကလည်း သူ့ကို စဖြေရမယ့်အချိန်က ငါတို့ ဖြေပြီးတဲ့အချိန်နဲ့ နာရီဝက်ကြာမှပါကွာ၊ မင်းကလည်း ဖြစ်နေလိုက် တာ }} ]] အေးလေ၊ အခုပဲနာရီကိုကြည့်ဦး၊ မင်းကြာတဲ့အချိန်ရယ်၊ ဒီကကားစီးမှာရယ်နဲ့ဆိုတော်တော်ကြာနေပြီ }} ]] မီပါတယ်ကွာ}}
          ]] ဟေ့ကောင် ဟိုမှာကားလာနေပြီ တက်ရအောင် }}
          လင်းထွန်းလောလောနှင့် ကျွန်တော့်ကိုနှိုးဆော်ရင်း၊ ကားပေါ်ကိုတက်လိုက်သဖြင့်၊ ကျွန်တော်လည်းအမီလိုက်တက်ရပါ သည်။ ကားပေါ်ရောက်တော့စပီကာက သီချင်းသံမတိုးမကျယ် ပျံ့လွင့်နေပါတယ်။ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်ဆိုသော သီချင်းပါပဲ။ လင်းထွန်းကို ကျွန်တော်ကြည့်လိုက်တော့ သီချင်းကိုပါးစပ်လှုပ်ရုံလိုက်ညည်းရင်း ခေါင်းကသံစဉ်အလိုက် တငြိမ့်ငြိမ့်နဲ့ ပေါ့။ ခံစားချက်နဲ့ သီချင်းနဲ့ တူနေလို့ထင်ပါရဲ့။
          ကားက လမ်းဆုံနားရောက်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး တံခါးဝနားထွက်လာကြ၏။
          ]] ရထားလမ်းပိတ်ခါနီးပြီ၊ သံလမ်းဟိုဘက်မှာပဲ ရပ်ပေးမယ် }} ဟူသော စပယ်ယာရဲ့အသံထွက်လာသဖြင့် လင်းထွန်းက -
]] မြင့်လွင်၊ လမ်းဆုံမှာပဲဆင်းရအောင်၊ တံတားဖြူထိ မလိုက်တော့ဘူးကွာ }} 
]] မင်းဘာဖြစ်လို့ အရမ်းလောနေတာလဲကွာ }}
]] သူ့ကိုမတွေ့ရတာကြာပြီကွ၊ ငါလွတ်သွားမှာဆိုးလို}} 
  ကားကသံလမ်းကိုကျော်ကာတစ်ဖက်တွင်ရပ်လိုက်သဖြင့် လင်းထွန်းက ခပ်မြန်မြန် ဆင်းသွားလေသည်။ ကျွန်တော်ကလည်း နောက်ကခပ်မြန်မြန် လိုက်ရလေသည်။
 ]] ဟေ့ကောင်မြင့်လွင်၊ လာလာ၊ ဟိုမှာရွှေအင်းဝကြီး ရပ်ထားတယ်၊ ပြေးမယ် }}
          လင်းထွန်းကကျွန်တော့်ကိုပြောရင်း ပြည်တောင်စုလမ်းကိုဖြတ်ကာ အမှတ်(၂) လမ်းမကြီးဘက်ကိုပြေးလေသည်။ အဲဒီ မှာရထားလမ်းအမီဖြတ်ရန် တစ်ဖက်လမ်းကအမြန်မောင်းလာတဲ့ ကားတစ်စီးကို ကျွန်တော်တွေ့လိုက်ရသည်။ လင်းထွန်းကလည်း ဖြတ်အပြေး၊ ကားကလည်း အမြန်လာနေတဲ့ အချိန်ပေါ့။
          ]] ဟေ့ကောင် လင်းထွန်း … ကားလာနေတယ် }}
          ]] ကျွီ }}
      ]] ဒုန်း }}
          ]] အား }}
          အဖြစ်အပျက်ကတော့ မြန်ဆန်စွာ ဖြစ်ပျက်သွားပါတော့တယ်။ တောင်မြောက်လမ်းဆုံမှာတော့ စကားသံတွေကတွင်နေ ပါတယ်။ 
]] ဒီကောင်လေးနှယ်၊ ကားကိုမမြင်ရအောင် မျက်စိကန်းနေလားမသိဘူး }} ]] ငယ်ငယ်လေး ရှိသေးတယ်ဗျာ on the spot  ပဲ }} အပြစ်တင် စိတ်မကောင်းသံတွေပေါ့ …

♥ ♥ ♥ ♥ ♥
                                                             မောင်လင်းထွန်း
                                                           (ဒုတိယနှစ်ဘူမိဗေဒ)

       ကားမှာကပ်ထားတဲ့နာရေးစာတမ်းကို ၀မ်းနည်းစွာနဲ့ ကျွန်တော်ကြည့်နေရင်း နာရေးလိုက်ပို့တဲ့လူတွေကို ကျွန်တော်ငေးကြည့်နေမိပါတယ်။ လူတွေကတော့အများကြီးပါပဲ။ လင်းထွန်းရဲ့မိဘတွေကတော့ ၀မ်းပန်းတနည်းဖြစ် နေကြတာပေါ့။ လင်းထွန်းကိုခင်တဲ့သူငယ်ချင်းအားလုံးကတော့ သူ့ရဲ့နောက်ဆုံးခရီးဈာပနာကိုလိုက်ပို့ကြဖို့ အစုံအညီပါပဲ။ ပန်းအိမ်လွှာလည်းပါပါတယ်။ သူ့ရဲ့မျက်နှာကတော့ ပြုံးရွှင်ခြင်းမရှိသလို၊ ၀မ်းနည်းခြင်းလည်းမရှိပါဘူး၊ လူတစ် ယောက်ရဲ့ စိတ်ကိုမှန်းရခက်ပါတယ်၊ လင်းထွန်းအတွက်နောက်ဆုံးအဖြေကို သူဘယ်လိုစိတ်နဲ့ ပေးလည်းတော့မသိပါဘူး။
          ]] ဟေ့ကောင် မြင့်လွင်၊ ကားပေါ်တက်လေ၊ ကားထွက်တော့မယ် }} 
           ]] အေး အေး }}
          ဖြိုးကြီးစကားကြောင့် ကျွန်တော်လည်း သူငယ်ချင်းချစ်အဘိဓာန်ကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ ကားပေါ်တက်လိုက်ပါ တော့တယ် … ။

♥ ♥ ♥ ♥ ♥ 
          ]] ကို … ကိုလွင် }}
          ]] ဟင်၊ ဟာ … သက်၊ ဆောရီးကွာ … ကိုယ်အတွေးလွန်သွားတာ သက်ရောက်နေတာတောင် သတိမထားမိဘူး }}
          ]] လာလေ … လက်တွေ့ချိန်နီးနေပြီ၊ သွားရအောင် }}
          ကျွန်တော်သက်နဲ့အတူ လက်တွေ့ခန်းကိုသွားရင်း ကျန်ရစ်ခဲ့တဲ့ အတိတ်အတွေးကို မေ့ပစ်လိုက်ရပါတော့တယ် … ။     ။
   

                                                                                ဇေယျာချစ်(၂၀၀၁)

                               (၂၀၀၃-၂၀၀၄)ခုနှစ် ဒဂုံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှ